Searching...
Friday, February 1, 2013

အသက်ရှည် ကျန်းမာစေရန် မှိုစားပါ


သင်စားနေကျဟင်း ဒါမှမဟုတ် အကြော် (ဟင်းရွက်ကြော်၊ အသားကြော်) ထဲကို ခွက်တစ်ဝက်စာမှို (ဘယ်အမျိုးအစားမဆို) ထည့်စားတာကြောင့်  အသက်ရှည် ကျန်းမာနိုင်တဲ့ အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ သုတေသန ပြုလုပ်ချက်အရ သိရပါတယ်။
၁) အီစထရိုဂျင်ကို ထိန်းသိမ်းနိုင်တာကြောင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
နေ့စဉ် အစိမ်း ဒါမှမဟုတ် ချက်ပြီးသားမှို စားတာကြောင့် ပုံမမှန်ဖြစ်နေတဲ့ သားမြတ်နဲ့ သားအိမ် Cell တွေ ကြီးထွားမှု မရှိအောင် ပိတ်ပင်နိုင်ပါတယ်။ ကင်ဆာ Cell တွေကို အာဟာရဖြစ်စေတဲ့ အီစထရိုဂျင် အဆင့်ကို ၂၂ ရာခိုင်နှုန်းထိ လျှော့ချနိုင်တာကြောင့်လို့ ဆိုပါတယ်။ မှိုမှာ အီစထရိုဂျင် ထုတ်လုပ်မှုကို လျှော့ချနိုင်တဲ့ Linolenic Acid ခေါ် ကျန်းမာရေး ကောင်းစေတဲ့ အဆီတွေ လုံလုံလောက်လောက် ပါဝင်လို့ပါ။
၂) ဆာလောင်မှု ပျောက်ကင်းနိုင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနိုင်ပါတယ်
သင်နေ့စဉ် စားနေကျ အစားအစာထဲမှာ အသားဟင်းအစား မှိုဟင်း ထည့်စားရင် တခြား စားသောက်တဲ့ ပုံစံမပြောင်းလဲဘဲ ရှစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၀ ပေါင် လျော့ကျနိုင်တယ်လို့ အင်္ဂလန်နိုင်ငံရဲ့ လေ့လာမှုအရ သိရပါတယ်။ မှိုတွေမှာ ဆာလောင်မှုကို လျှော့ချနိုင်တဲ့ အမျှင်ဓာတ်၊ ဆီလီနီယမ်နဲ့ ကော့ပါးအပြင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိနိုင်တဲ့ ကာဗိုဟိုက်ဒရိတ် တစ်မျိုးဖြစ်တဲ့ Polysaccharides ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
၃) ခုခံအား Cell တွေ မြင့်မားစေတာကြောင့် ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်
နှစ်ပေါင်းများစွာ ကတည်းက ခုခံအားစနစ် ကောင်းမွန်ဖို့ မှိုကို အသုံးပြုကြပါတယ်။ အခုအခါမှာ ဆန်ဖရန်စစ္စကို ဆေးရုံမှ သုတေသီတွေက မှိုဟာ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို ဖျက်ဆီးနိုင်စွမ်း နှစ်ဆ မြင့်မားတာဟာ ဘာကြောင့်လဲလို့ လေ့လာခဲ့ပါတယ်။ မှိုမှာပါဝင်တဲ့ Lentinan ခေါ်တဲ့ ဒြပ်ပေါင်းဟာ အအေးမိ တုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်လို မျိုးပိုးတွေကို စွမ်းစွမ်းတမံ တိုက်ထုတ်ဖို့ ခုခံအား Cell တွေကို လှုံ့ဆော် ပေးနိုင်တာကြောင့်လို့ တွေ့ရှိခဲ့ပါတယ်။
၎) ကိုလက်စထရော လျော့ကျနိုင်တာကြောင့် နှလုံးကျန်းမာရေး ကောင်းစေနိုင်ပါတယ်
လေ့လာမှု တစ်ခုအရ မိမိနေ့စဉ် စားနေကျ အစာထဲမှာ မှိုထည့်စားတဲ့ အမျိုးသမီးတွေရဲ့ ကိုလက်စထရော အဆင့်ဟာ ၁၂ ရာခိုင်နှုန်း ကျဆင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မှိုမှာပါဝင်တဲ့ များစွာသော ဒြပ်ပေါင်းတွေဟာ အသည်းမှ သွေးကြောတွင်း ပိတ်ဆို့မှုတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်း ထုတ်လုပ်မှုကို လျော့ကျစေနိုင်လို့ပါလို့ ဆိုပါတယ်။ ဒါ့အပြင် မှိုမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာလည်း သွေးကြောတွေကို Relax ရရှိစေပြီး သွေးဖိအားကိုလည်း ကျဆင်း စေနိုင်တယ်လို့ ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး
By Good Health Originally posted 29/11/2011 12:37PM

0 comments:

Post a Comment

Labels

 
Back to top!