Searching...
Friday, February 1, 2013

ပိုပြီးကောင်းအောင် ဘယ်နည်း သုံးမလဲ


မျက်စဉ်းဆေးခတ်တာကအစ နှာချေတာအဆုံး နေ့စဉ် လုပ်ဆောင်နေကျ အသေးအဖွဲ ကိစ္စရပ်လေးတွေကို ပြုလုပ်ရာမှာ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပိုပြီး ကောင်းအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။  ယုတ်စွအဆုံး အိမ်သာတက်တာက အစ နည်းမှန် လမ်းမှန်နဲ့ တက်နိုင်မယ့် နည်းလမ်းတောင် ရှိပါတယ်။ ဒါလေးတွေကို သတိထားပြီး လုပ်ကြည့်ပါက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူပြုနိုင်လောက်ပါတယ်။
အိမ်သာတက်နည်း
အိမ်သာတက်ရာမှာ နည်းလမ်းမှန်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ အူနဲ့ ဆီးအိတ်တွေကို ပိုပြီး ရှင်းထုတ် သန့်စင်စေနိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဝမ်းချုပ်တာနဲ့ လိပ်ခေါင်းရောဂါတွေ ဖြစ်နိုင်ချေလည်း လျော့နည်းစေမှာပါ။ နည်းမှန်၊ လမ်းမှန်နဲ့ အိမ်သာတက်နည်းကတော့ ဘိုထိုင်အိမ်သာမှာ ထိုင်ပြီး ခြေဖဝါး နှစ်ဘက်ကို ခြေဖဝါးတင် ခွေးခြေပေါ် တင်ကာ ဒူးကို အနည်းငယ် မြှောက်ထားပါ။ ပြီးတဲ့အခါ ဒူးပေါ် တံတောင်တင်ပြီး ရှေ့အနည်းငယ် ကုန်းထားပါ။ ဒါဆိုရင် အပေါ့ပဲ သွားသွား၊ အလေးပဲသွားသွား သွားရ လွယ်ကူပြီး ပိုပြီး စင်ကြယ်သွားမှာပါ။
မျက်စဉ်းဆေးခတ်နည်း
မျက်စဉ်းဆေးခတ်တိုင်း မျက်တောင်ခတ်နေပြီး ဆေးက မျက်လုံးထဲမဝင်ဘဲ ဘေးကိုပဲ ထွက်ကျနေတတ်ပါသလား။ မျက်လုံးထဲ တိုက်ရိုက်ဝင်အောင် ခတ်နိုင်မယ့်နည်း ရှိပါတယ်။ မျက်ခွံရှိ မိတ်ကပ်တွေ၊ အိုင်းရှဲဒိုးတွေကို သေချာ ပြောင်စင်အောင် သုတ်ပြီး လှဲအိပ်လိုက်ပါ။ မျက်လုံးကိုလည်း မှိတ်ထားပြီး မျက်လုံးအတွင်း ထောင့်ကို ချိန်ကာ မျက်စဉ်းဆေးဗူး ညှစ်ပြီး မျက်စဉ်းထည့်လိုက်ပါ။ မျက်စိ ပြန်ဖွင့်လိုက်တဲ့အခါ မျက်စဉ်းဆေးက မျက်စိထဲ အလိုလို စိမ့်ဝင်သွားပါလိမ့်မယ်။ သတိထားရမှာကတော့ မျက်စဉ်းဆေးဗူး ထိပ်ကို လက်နဲ့ မထိမိဖို့၊ မျက်လုံးနဲ့ မထိမိဖို့ပါပဲ။ ဆေးဗူးထဲ ရောဂါပိုးဝင်သွားမှာ စိုးတာကြောင့်ပါ။
Antioxidant ကြွယ်ဝသည့် ရေနွေးကြမ်း ပြုလုပ်နည်း
ရေနွေးထဲ လက်ဖက်ခြောက်ခပ်ပြီး ငါးမိနစ်လောက်အကြာမှ သောက်ပါ။ ဒါမှသာ လက်ဖက်ခြောက်ထဲက Antioxidant ဓာတ်တွေဟာ ရေနွေးထဲ အပြည့်အဝ စိမ့်ဝင်နိုင်မှာပါ။ ပိုပြီး အစွမ်းထက်ချင်ရင် သံပရာသီး ညှစ်ထည့်လိုက်ပါ။ သံပရာသီးဟာ Antioxidant တွေကို သေချာ စုပ်ယူနိုင်တဲ့ အူလမ်းကြောင်းဆီ ရောက်အောင် သယ်ဆောင်ပေးနိုင်တာကြောင့်ပါ။
တစ်ရေးနိုးပါက ပြန်အိပ်နည်း
အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းက စိုးရိမ်ပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်းပါ။ ဒါကြောင့် နောက်တစ်ကြိမ် အိပ်ရာကနေ တစ်ရေးနိုးလာပါကဟာ ပြဿနာပဲ။ နိုးလာပြန်ပြီလို့ စဉ်းစားပြီး စိတ်ညစ်မနေပါနဲ့။ အဲလို စိတ်ညစ်နေမယ့်အစား အိပ်ရာက နိုးလာပြီပဲလို့ စိတ်အေးအေးထားကာ စိတ်လျှော့ပြီး ပြန်အိပ်လိုက်ပါ။ မွေ့ရာနဲ့ ကျောထိနေတာကိုသာ အာရုံထားပြီး အိပ်မပျော်တာကို ပူပန်မနေပါနဲ့။
လမ်းအမြန်လျှောက်နည်း
လက်ကို ပိုပြီး မြန်မြန်လွှဲလိုက်ပါ။ ခြေလှမ်းမြန်မြန် လှမ်းတဲ့အခါ ဒူးပေါ် ဖိအား ပိုသုံးလေ့ရှိပေမယ့် လက်ကို လွှဲတဲ့ အမြန်နှုန်းကလည်း ခြေလှမ်းကို ပိုမြန်စေပါတယ်။ ဒါကြောင့် လက်ကို မြန်မြန်လွှဲရင် ခြေလှမ်းလည်း ပိုမြန် ပိုသွက်လာမှာပါ။
နေရောင်ခံ စပရေး ဖြန်းနည်း
နေရောင်ကာ ဆေးခရင်မ်ကို လိမ်းရာမှာ နေပူထဲမထွက်ခင် မိနစ် ၃၀ အလိုမှာ ခပ်ပျစ်ပျစ် ခပ်ထူထူ လိမ်းပေးရမယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီးသားပါ။ ကျွန်မတို့ မသိသေးတာက နေရောင်ခံ စပရေးကို ဘယ်လို ဖြန်းမလဲ ဆိုတာကိုပါ။ နေရောင်ခံ စပရေးကို ဖြန်းတဲ့အခါ သိပ်ဝေးကွာလွန်းတဲ့ နေရာကနေ ဖြန်းပါက အလွှာပါးပါးလေးသာ ဖြစ်ပေါ်မှာပါ။ ဒါကြောင့် ၅ စင်တီမီတာကနေ ၈ စင်တီမီတာ အကွာကနေသာ ဖြန်းပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။
ဆေးမျိုချနည်း
ဒိန်ချဉ် တစ်ဇွန်းနဲ့ ဆေးရောသောက်ပါက ဘယ်လောက်ကြီးမားတဲ့ ဆေးလုံး ဖြစ်ပါစေ။ အလွယ်တကူမျိုချလို့ ရနိုင်ပါပြီ။ ဒိန်ချဉ်ကို ပါးစပ်ထဲ ထည့်ပြီးနောက် ဆေးလုံးကို ပါးစပ်ထဲ ထည့်ကာ နှစ်ခုစလုံး ရောပြီး မျိုချလိုက်ပါ။
ဦးနှောက် လေ့ကျင့်နည်း
ဦးနှောက်ကို သေချာကျင့်ပေးပါက ဦးနှောက်စွမ်းရည် ပိုပြီး တက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် Sudoku ဂိမ်း ကစားပေးပါက ပြဿနာ ဖြေရှင်းနည်းကို ပိုကောင်းစေနိုင်သလို Crossword စာလုံးတွေကို ဖြည့်ပေးခြင်းကလည်း ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် သင်တိုးတက်ချင်တဲ့ ဦးနှောက်စွမ်းရည်နဲ့ ကိုက်ညီတဲ့ ကစားနည်းကို ရွေးချယ်ပြီး ကိုယ်ကာယလေ့ကျင့်ခန်း လုပ်သလို ဦးနှောက်လေ့ကျင့်ခန်း လုပ်ပေးရမှာ ဖြစ်ပါတယ်။
ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်တဲ့အခါ Gym ကို တစ်လမှာ တစ်ကြိမ်လောက်သာ သွားရုံနဲ့ ခန္ဓာကိုယ်က ဘာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ဦးနှောက်သုံးရတဲ့ ပဟေဠိတစ်ခုကို ဖြေရုံလောက်နဲ့ ဦးနှောက်က ပိုပြီး တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဦးနှောက်သုံးပြီး ဖြေရှင်းရတဲ့ ပဟေဠိတွေကို တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်၊ တစ်ခါလေ့ကျင့်ရင် ၁၅ မိနစ်လောက် အချိန်ပေးပြီး လေ့ကျင့် ဖြေရှင်းပေးသင့်ပါတယ်။
Broccoli (ပန်းဂေါ်ဖီစိမ်း) စားနည်း
Broccoli ထဲမှာပါတဲ့ ကင်ဆာ တိုက်ဖျက်နိုင်တဲ့အစွမ်းကို အပြည့်အဝ ရယူနိုင်ဖို့ Broccoli ကို နည်းလမ်းမှန်နဲ့ ချက်ပြုတ်ပေးဖို့ လိုပါတယ်။ အရင်ဆုံး Broccoli  ကို နှစ်မိနစ်ကနေ လေးမိနစ်ကြာ ပြုတ်ပေးပြီး ဂျပန်ယမ်းစိမ်း ဝါဆာဘီ ဒါမှမဟုတ် Mustard အနည်းငယ် ထည့်လိုက်ပါ။ ဒီအစာတွေထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ခန္ဓာကိုယ်ကနေ Broccoli ရှိ အာဟာရဓာတ်တွေ စုပ်ယူရာမှာ အထောက်အကူပြုပါတယ်။
နှာချေနည်း
နှာချေရာမှာ ကျွန်မတို့တွေ သိရှိထားတာက နှာခေါင်းကို လက်ဖဝါးအုပ်ပြီး ချေထည့်လိုက်ဖို့ပါ။ ဒါပေမဲ့ လက်ဖဝါးထဲ နှာချေလိုက်တဲ့အခါ လက်ဖဝါးထဲ ပိုးတွေ ရောက်ရှိကာ တခြားအရာဝတ္ထုတွေကို ကိုင်တွယ်လိုက်တဲ့အခါ တခြားသူတွေဆီ ရောဂါ ပြန့်သွားနိုင်ပါတယ်။ ဒါကြောင့် လက်ဖဝါးထဲ နှာချေမယ့်အစား လက်မောင်း ဒါမှမဟုတ် လက်ဖျံအုပ်ကာ နှာချေတာမှ ပိုကောင်းပါဦးမယ်။
လက်အခြောက်ခံနည်း
လက်ဆေးပြီးတဲ့အခါ လက်အခြောက်ခံနည်းဟာ ရောဂါပိုးတွေ တိုက်ဖျက်ရာမှာ လက်ဆေးနည်း နီးပါး အရေးကြီးပါတယ်။ လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး အခြောက်ခံပါက လက်ဖဝါး ချွေးပေါက်ထဲရှိ ရောဂါပိုးတွေဟာ လက်ဖဝါး မျက်နှာပြင်ပေါ် ရောက်ရှိလာမှာပါ။ အကယ်၍ လက်ဖဝါးနှစ်ဖက်ကို စိုထိုင်းထိုင်း ဖြစ်နေတဲ့အတိုင်း ထားထားပါက၊ တခြား အရာဝတ္ထုတစ်ခုကို ထိုလက်နဲ့ ထိတွေ့ပါက ရောဂါပိုးတွေ ရောက်ရှိသွားမှာပါ။ ဒါကြောင့် လက်အမြန်ခြောက်အောင် လက်အခြောက်ခံစက်နဲ့ အခြောက်ခံပါ။ လက်အခြောက်ခံစက် မရှိပါက လက်ချောင်းထိပ်၊ လက်ချောင်းကြား၊ လက်ဖဝါး၊ လက်ဖမိုးမကျန် ခြောက်အောင် သုတ်ပြီးမှ တခြားအရာဝတ္ထုတွေကို ကိုင်တွယ်ပါ။
သွားကြားထိုးကြိုး ထိုးနည်း
သွားကြားထိုးကြိုး ထိုးပြီး သွားကို သန့်စင်စေရာမှာ အောက်ပါ နည်းလေးနည်းကို သတိထားပေးပါ။
- သွားကြားထဲ သွားကြားထိုးကြိုး ထည့်ရာမှာ ကြိုးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ သွားနှစ်ချောင်း ရှိတာကို သတိထားပါ။ တစ်ဖက်တည်းပဲ ကပ်ပြီး ကြိုးမဆွဲပါနဲ့။
- သွားဖုံးနဲ့ ကပ်လျက်နေရာကို သေချာသန့်စင်ပါ။ ဒီနေရာဟာ သန့်စင်ဖို့ အလိုအပ်ဆုံးနေရာပါ။
- ဖိအားအနည်းငယ်သာ သုံးပါ။ ကြိုးကို အပေါ်အောက် ဆွဲချပါ။ အရှေ့အနောက်ဆွဲကာ သန့်စင်ရမှာ မဟုတ်ပါ။ အတင်းဖိပြီးဆွဲရင် အသံထွက်လာကာ သွားကို ထိခိုက်စေနိုင်ပါတယ်။
- အချိန်ပေးပါ။ သွားတစ်ချောင်းချင်းစီကို သန့်စင်ရာမှာ အပေါ်အောက် ၁၀ ခါ ဆွဲချပါ။
ဒေါက်တာနုမြတ်
By Good Health

0 comments:

Post a Comment

Labels

 
Back to top!