Searching...
Friday, February 1, 2013

ခန္ဓာကိုယ်အတွင်း ပိုလျှံနေသော အရည်များကြောင့် ကိုယ်အလေးချိန် မြင့်တက်ခြင်း မဖြစ်ရလေအောင်


အမျိုးသမီးထု ၆၀ ရာခိုင်နှုန်းရဲ့ ခန္ဓာကိုယ် ပွစိစိ ဖြစ်နေတတ်တာဟာ အမှန်မှာတော့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အရည်တွေ ၁၅ ပေါင်လောက် စုဆောင်းနေလို့ပါ။  အရည်တွေ လျော့သွားအောင် အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ။
၁။ ပွစိစိဖြစ်တာ လျော့သွားအောင် သခွားသီး စားပါ
သခွားသီးနဲ့ Chammomile တွေဟာ သဘာဝ ဆီးရွှင်ဆေးတွေ ဖြစ်ကြပြီး Cell အတွင်းမှ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။ သခွားသီးအရည် တစ်ခွက်နဲ့ Chammomile လက်ဖက်ရည် နှစ်ခွက်ကို နေ့စဉ် သောက်သုံးတာကြောင့် နှစ်ပတ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံတဲ့ အရည်တွေ ခြောက်ပေါင် ကျဆင်းနိုင်တယ်လို့ Connecticute တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
၂။ ရေဓာတ်ကြောင့် ဖောရောင်မှု မဖြစ်အောင် ကိုကိုး ပူပူတစ်ခွက် သောက်ပါ
နို့ထဲမှာပါဝင်တဲ့ Lactose ကို ခံနိုင်ရည်မရှိတာဟာ ဓာတ်မတည့်မှု ဖြစ်တာလိုမျိုး ခုခံအား တုံ့ပြန်မှုကြောင့် တစ်သျှူး ရောင်ရမ်းမှုနဲ့ ရေဓာတ် စုဆောင်းမှုတွေ ဖြစ်တတ်ပါတယ်။ သင်ဟာလည်း Lactose နဲ့ ဓာတ်မတည့်သူ ဖြစ်နေရင် ကိုကိုးသောက်တာဟာ နွားနို့၊ ဒိန်ခဲနဲ့ တခြားနို့ထွက်ပစ္စည်း သောက်တာလိုမျိုး ပွစိစိမဖြစ်နိုင်တော့ပါ။ ကိုကိုးဟာ နို့မှာပါဝင်တဲ့ သကြားဓာတ်ကို ဖြိုခွဲတာ မြန်ဆန်မှု ရရှိစေပြီး ခန္ဓာကိုယ်မှ အမြန် စွန့်ထုတ်နိုင်တာကြောင့်ပါ။
၃။ ကိုယ်တွင်း စုဆောင်းနေတဲ့ အရည်တွေ ထွက်သွားအောင် လမ်းလျှောက်ပါ
တစ်ပတ်ကို နှစ်နာရီခန့် လမ်းမြန်မြန် လျှောက်လိုက်တာကြောင့် အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှာ အရည်ပွတာ လျော့ကျသွားနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အတွက် သွေးကြောတွေရဲ့ တင်းအားကောင်းနိုင်ခြင်း မရှိတော့တဲ့အပြင် ချွေးထွက်လည်း များစေတာကြောင့် ကိုယ်တွင်း စုဆောင်းနေတဲ့ အရည်တွေ ခန္ဓာကိုယ် ပြင်ပကို ထွက်သွားနိုင်ပါတယ်လို့ North Corolina, Chapel Hill တက္ကသိုလ်မှ သုတေသနပြုသူ Dr. Cynthia Bulik က ပြောကြားပါတယ်။
၎။ အရည်စုဆောင်းမှု နည်းအောင် အရည်ပိုသောက်ပါ
အရည်များများ သောက်တာကြောင့် (ဖန်ခွက် ၆ ခွက်မှ ၈ ခွက်) ခန္ဓာကိုယ်တွင်း အရည်ပွတာ လျော့နည်းသွားနိုင်ပါတယ်။ ရေသိပ်မသောက်တဲ့အတွက် သင်ရဲ့ ဦးနှောက်က ဆီးသွားတဲ့ ပမာဏ နည်းသွားစေတဲ့ ဟော်မုန်း ထုတ်လုပ်ပေးတာကြောင့် ခန္ဓာကိုယ်တွင်း အရည်စုဆောင်းမှု ပိုများလာပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။
၅။ ဓမ္မတာ အကြိုရက်တွေမှာ ရေဓာတ်စုဆောင်းမှု မရှိအောင် Taurine  မှီဝဲပါ
သင် ဓမ္မတာ လာခါနီး အကြိုရက်တွေမှာ Taurine နေ့စဉ် ၁၈ ဂရမ်မှ ၂၈ ဂရမ် မှီဝဲထားပါ။ Taurine လို့ခေါ်တဲ့ Amino Acid  ဟာ ခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ အရည်တွေ စွန့်ထုတ်နိုင်အောင် ကူညီတဲ့အတွက် ဓမ္မတာ အကြိုရက်တွေမှာ ကိုယ်အလေးချိန် ငါးပေါင်လောက် တိုးလာမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။
၆။ လေပွတာ လျော့သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါ
သင့်ခန္ဓာကိုယ်ဟာ မနက်ပိုင်းမှာ ကြည့်ကောင်းနေပြီး ညနေပိုင်းမှာ လေထိုးထားသလို ပွရောင်းရောင်း ဖြစ်နေတာရဲ့ ၇၀ ရာခိုင်နှုန်းဟာ လေတွေ မျိုချမိတာကြောင့်ပါ။ အစာစားတာ၊ အရည်သောက်တာကို ဖြည်းဖြည်းချင်း လုပ်ပါ။ ဒါ့အပြင် ဆော်ဒါပါဝင်တဲ့ ဖျော်ရည်သောက်တာနဲ့ ပီကေ ဝါးတာကို ရှောင်ပါ။ မာကြွပ်တဲ့ အစားအစာတွေနဲ့ Mousse ဒါမှမဟုတ် Whipped Cream တွေလို လေတွေ ပြည့်နေတဲ့ အစားအစာတွေကိုလည်း ရှောင်ပါ။
Tip – ရေနွေးနဲ့ ရေစိမ်ချိုးပါ
ရေနွေးနဲ့ မိနစ် ၂၀ လောက် ရေစိမ်ချိုးလိုက်တာကြောင့် သင့်ကျောက်ကပ်မှ ပိုလျှံနေတဲ့ ရေတွေကို ထွက်သွားဖို့ နှစ်နာရီခန့် လှုံ့ဆော်နိုင်ပါတယ်လို့ UCLA မှ သုတေသီတွေက ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး
Ref: Good Health
Source: http://www.yatanarpon.com.mm/news/article-53893

0 comments:

Post a Comment

Labels

 
Back to top!