Searching...
Friday, February 1, 2013

ဝမ်းပျက်ဝမ်းလျှောနေစဉ်တွင် ငှက်ပျောသီး စားသုံးသင့်


ဝမ်းပျက်ဝမ်းလျှောနေသူများ အနေဖြင့် ပိုတက်စီယမ်ဓါတ် ဆုံးရှုံးမှုကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် ဝမ်းလျှောနေစဉ်အတွင်း ငှက်ပျောသီး စားပေးသင့်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူ ဆရာဝန်ကြီး တစ်ဦးထံမှ  သိရသည်။
“ပိုတက်စီယမ်ဓါတ် ဆုံးရှုံးမှုက ပြန်ဖြည့်ဖို့ အကောင်းဆုံးက ငှက်ပျောသီးပါပဲ။ ဘယ်လို ငှက်ပျောသီး အမျိုးအစားပဲဖြစ်ဖြစ် ဝမ်းလျှောနေစဉ်မှာ စားပေးသင့်ပါတယ်” ဟု ဆိုသည်။ ဒါ့အပြင် အများအားဖြင့် ဝမ်းလျှောပါက အချဉ်နှင့် မတည့်ဘူးထင်ကာ အချဉ်ဓာတ်ပါသော အသီးအနှံများကို စားသုံးခြင်းမှ ရှောင်ကျဉ်တတ်ကြကြောင်း လတ်ဆတ်သော အချဉ်ဓာတ်ပါ အသီးအနှံများကို စားပေးသင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
“ဝမ်းလျှောရင် လူ့ခန္ဓာကိုယ်မှာ ပိုတက်စီယမ်ဓာတ် ဆုံးရှုံးသွားတယ်။ ဒါကို အကောင်းဆုံး ပြန်ဖြည့်နိုင်တာ အချဉ်ဓာတ်ပါတဲ့ လတ်ဆတ်တဲ့ လိမ္မော်သီးကို စားပေးသင့်တယ်။ လိမ္မော်သီးက ပိုတက်စီယမ်ဓာတ်ကို အကောင်းဆုံး ပြန်ဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ အချဉ်ဓာတ်ပါတော့ လူတွေက ဝမ်းထပ်လျှောမှာစိုးတော့ မစားကြဘူး။ လိမ္မော်သီးဆိုလဲ လတ်ဆတ်တာမျိုး ရွေးစားရမယ်။ ငှက်ပျောသီးများများ စားပေးလဲရတယ်။ ဒါတွေကပိုတက်စီယမ်ဓါတ်ကို အကောင်းဆုံး ပြန်ဖြည့်ပေးနိုင်ပါတယ်” ဟုပြောသည်။
ဝမ်းရောဂါမှာ အမျိုးပေါင်း တစ်ရာကျော်ရှိပြီး ဝမ်းပျက်၊ ဝမ်းလျှောပိုး၊ ရိုးရိုးဝမ်းရောဂါပိုး၊ အီကိုလှိုင်ခေါ်သော ဝမ်းကိုက်ပိုး၊ ကော်ရော်လာခေါ်သော ကာလဝမ်းရောဂါပိုး စသည်ဖြင့် ဘက်တီးရီးယားပိုးများစွာ ရှိကြောင်း ၎င်းဝမ်းရောဂါ အမျိုးပေါင်း များစွာထဲတွင် ကော်ရိုလာဟုခေါ်သော ကာလဝမ်းရောဂါပိုးမှာ ကြောက်စရာ အကောင်းဆုံးဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။ “ကော်ရိုလာလို့ခေါ်တဲ့ ကာလဝမ်းရောဂါက ကြောက်စရာ အကောင်းဆုံးပါပဲ။ လူကို သေစေနိုင်ပါတယ်။
တခြား ဝမ်းရောဂါပိုးတွေကတော့ လူကို မသေနိုင်ပါဘူး။ ကာလဝမ်းရောဂါက ဒီမှာဖြစ်တာ နည်းပါတယ်။ ဒီမှာအဖြစ်များတာက ဝမ်းပျက်၊ ဝမ်းလျှောနဲ့ ဝမ်းကိုက်တာ များပါတယ်” ဟု ၎င်းဆရာဝန်ကြီးက ဆက်လက် ရှင်းပြသည်။ ဝမ်းရောဂါ အများဆုံး ဖြစ်ပွားရခြင်းမှာ မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းကြောင့် ဖြစ်ပြီး ဝမ်းရောဂါ ဖြစ်ပွားခြင်းမှာ အသက်အရွယ်မရွေး၊ ဥတုရာသီမရွေး ဖြစ်ပွားနိုင်ခြင်းကြောင့် အစားအစာ စားသုံးမှုနှင့် တကိုယ်ရေ သန့်ရှင်းမှုအပေါ် လူတိုင်း သတိပြုသင့်ကြောင်း ၎င်းက ပြောကြားသည်။
“လက်ရှိမှာ ဝမ်းရောဂါဟာ ရာသီမရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါပါ။ အဓိကကတော့ လူတိုင်းအဖြစ်များလို့ ဝမ်းရောဂါကို ဂရုမစိုက်ဘဲ ဆေးမြီးတိုတွေနဲ့ ကုသတာ မကောင်းပါဘူး။ တချို့က ဝမ်းပိတ်ဆေး သောက်လိုက်ရင် ဝမ်းရပ်သွားရင် ပြီးပြီလို့ ထင်ကြတယ်။ ဝမ်းပိတ်ဆေး ဆိုတာမှာလဲ ပိုးကို ဘယ်လောက်အထိ သောက်မှ အရှင်းပျောက်တာလဲဆိုတာ ရှိတယ်။
ခဏခဏ ပြန်ဖြစ်နေရင် မကောင်းတော့ဘူး။ ဒါဆိုရင် ဆေးပဲသောက်နေလို့ မရတော့ဘူး နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ရပါမယ်။ ဝမ်းရောဂါပိုး ဆိုတာက အမျိုးပေါင်း တစ်ရာကျော် ရှိပါတယ်။ ရောဂါ တစ်မျိုးနဲ့တစ်မျိုး ကုသမှု မတူတာတွေ ရှိပါတယ်။ ခဏခဏ ပြန်ဖြစ်တာပဲဖြစ်ဖြစ်၊ ရက်ရှည်ဝမ်းသွားတာပဲဖြစ်ဖြစ် တတ်ကျွမ်း နားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆွေလှိုင်ထူး
https://www.facebook.com/notes/health-articles

0 comments:

Post a Comment

Labels

 
Back to top!