Searching...
Friday, February 1, 2013

ကိုယ်အလေးချိန် လျော့ကျရေး


ကိုယ်အလေးချိန် လျော့ကျဖို့ ကြိုးစားနေသူတွေအတွက် ထူးခြားပြီး လွယ်ကူတဲ့ နည်းလမ်းတွေကို သုတေသန ပညာရှင်တွေက အခုလို ဖော်ပြထားပါတယ်။
၁) ငှက်ပျောသီး၊ ပန်းသီးနှင့် နာနတ်သီးအနံ့ရှူပါ
ဟုတ်ပါ့မလားလို့ ထင်ကောင်းထင်စရာ ရှိပေမယ့် တကယ် အလုပ်ဖြစ်တဲ့ နည်းပါလို့ ချီကာဂိုဖောင်ဒေးရှင်းက ဒေါက်တာအလန်က ဆိုပါတယ်။ လေ့လာမှုအရ စေတနာ့ဝန်ထမ်း သုံးထောင်ခန့်ကို လေ့လာခဲ့ရာ ငှက်ပျောသီး၊ ပန်းသီးနဲ့ နာနတ်သီးအနံ့တွေကို ရှူရှိုက်တဲ့ သူတွေက ဆာလောင်မှုနည်းပြီး ကိုယ်လေးချိန် ပေါင် ၃၀ ခန့် လျော့ကျသွားကြကြောင်း သိရပါတယ်။ ဒီအသီးတွေကို အနံ့ရှူရတာက ဦးနှောက်ဆီကို တကယ်စားနေတယ်လို့ အထင် ရောက်သွားစေပြီး ဗိုက်မဆာတော့ဘဲ ကိုယ်အလေးချိန် လျော့ကျသွားတာ ဖြစ်နိုင်ပါတယ်။
၂) ထမင်းစားထိုင်ခုံ ရှေ့နံရံမှာ မှန်တစ်ချပ် ချိတ်ဆွဲထားပါ
လေ့လာမှု တစ်ရပ်အရ မှန်ရှေ့မှာ အစာစားတာက သုံးပုံတစ်ပုံနီးပါး လျော့ပြီး စားဖြစ်စေတယ်လို့ သိရပါတယ်။ ထမင်းစားရင်း မှန်ကို မျက်စိအကြည့် ရောက်သွားရာက ကိုယ့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကို သတိပြုမိပြီး ကိုယ်အလေးချိန် ထိန်းဖို့ အသိဝင်ကာ အစာ လျှော့စားဖြစ်တာပါ။
၃) အပြာရောင်ဖြင့် ဝန်းရံပါ
အဆင်သင့် စားသောက်ဆိုင်ကြီးတွေမှာ အပြာရောင်ကို ဘယ်တော့မှ ခြယ်သထားလေ့ မရှိတာကို သင်သတိပြုမိမှာပါ။ အပြာရောင်က အစာ စားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်ပါတယ်။ အစားအသောက်ကို အပြာရောင် ပန်းကန်ပြားထဲထည့်ပြီး စားတာ၊ အပြာရောင် ဝတ်ပြီးစားတာ၊ ထမင်းစား စားပွဲကို အပြာရောင်စားပွဲခင်း ခင်းတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ထမင်းစားခန်းမှာ အနီ၊ အဝါနဲ့ လိမ္မော်ရောင်တွေကို ရှောင်ပါ။ လေ့လာမှုတွေအရ ဒီအရောင်တွေက အစာ စားချင်စိတ်ကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။
၎)  သင့်အစားအသောက်ကို ဓာတ်ပုံရိုက်ထားပါ
သင့်အနေနဲ့ အစားအသောက်တွေကို မစားခင်မှာ ဓာတ်ပုံရိုက်ပြီး ကွန်ပျူတာထဲမှာ နေ့ရက်အလိုက် သိမ်းထားပေးပါ။  ဓာတ်ပုံရိုက်တာ၊ ပြန်ကြည့်တာတွေနဲ့ အလုပ်များနေတဲ့အခါ အစာ စားချင်စိတ်က လျော့ကျသွားပါတယ်လို့ အာဟာရပညာရှင် ဂျွန်ဆယ်ဂီးက ဆိုပါတယ်။ လက်ကိုင်ဖုန်းနဲ့လည်း အစားအသောက်ပုံကို ရိုက်လို့ရပါတယ်။
၅) ခါးကို ဖဲကြိုးချည်ထားပါ
ပြင်သစ်အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ နည်းတစ်ခုပါ။ သူတို့က ညစာစားဖို့ အပြင်မထွက်ခင်မှာ ခါးပတ်လည်မှာ ဖဲကြိုး ချည်ထားလေ့ ရှိပါတယ်။ ဒီလိုလုပ်တာက ဝမ်းဗိုက်ကို သတိထားမိပြီး ဖဲကြိုးက စတင်တင်းလာတာနဲ့ အစာစားတာကို ရပ်သင့်ပြီလို့ သတိပြုမိတာကြောင့်ပါ။
ဇွန် (Ref;RD)
By Good Health
ကိုယ်အလေးချိန် လျှော့ချပေးနိုင်သော ဖြည့်စွက် ဗီတာမင်
သင်ဟာ လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန် ချနေပေမယ့် သင့်ခန္ဓာကိုယ် အလေးချိန်က မပြောင်းလဲဘဲ ဖြစ်နေပါသလား။ သင်စားတဲ့ အစားအသောက်နဲ့   သင့်ခန္ဓာကိုယ် အလေးချိန်က တိုက်ရိုက် ဆက်စပ်မှု ရှိနေပါတယ်။ သင်ဟာ အစားအသောက် လျှော့စားတယ် ဆိုပေမယ့် မှန်ကန်တဲ့ စားသောက်မှုပုံစံ ဖြစ်ပါမှ သင့်ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာပါ။ သင်စားတဲ့ အစားအသောက်တွေထဲမှာ ကိုယ်အလေးချိန် လျှော့ချဖို့ အထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်တွေ ရှိနေပါတယ်။ အဲဒီ ဗီတာမင်တွေကတော့ …
ဗီတာမင်စီ
ခန္ဓာကိုယ်မှာ စုနေတဲ့ အဆီတွေကို စွမ်းအင်အဖြစ် ဖြိုခွဲရာမှာ အသုံးပြုရတဲ့ ဗီတာမင် အမျိုးအစားကတော့ ဗီတာမင်စီပါ။ Arizona State University က သုတေသီတွေက လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် ချသူတွေကို နေ့စဉ် ဗီတာမင်စီ ၅၀၀ မီလီဂရမ် ဆေးပြား တစ်လတိတိ ပေးကာ လေ့ကျင့်ခန်း ပြုလုပ်စေပြီး လေ့လာခဲ့ရာ ခန္ဓာကိုယ်တွင်း စုနေတဲ့ အဆီတွေကို ဖြိုခွဲမှု ပိုမို ကောင်းမွန်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ သင်ဟာ နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားသုံးသူ ဖြစ်နေခဲ့ရင်တော့ ဗီတာမင်စီ ပမာဏကို လျှော့ချ သောက်သုံးသင့်ပါတယ်။
ဗီတာမင်ဒီ
နေရောင်ခြည်ကနေ အလကား ရယူနိုင်တဲ့ ဗီတာမင်ဒီဓာတ်ကို လုံလုံလောက်လောက် မရရှိတဲ့အခါ သင့်ခါး အရွယ်အစားက ရှိသင့်တဲ့
ခန္ဓာကိုယ် အချိုးအစားထက် ပိုကြီးနေတတ်ပါတယ်။ University of Minnesota က သုတေသီတွေက ကယ်လိုရီနည်းတဲ့ အစားအသောက်တွေနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းမှုတွေ မစတင်ခင် သွေးထဲမှာ ဗီတာမင်ဒီ ပမာဏ မြင့်မားနေတဲ့ အဝလွန်နေသူတွေက ကိုယ်အလေးချိန်နဲ့ ဗိုက်က အဆီတွေ သိသိသာသာ လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် လိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏက တစ်နေ့ကို ၄၀၀ အိုင်ယူ ဖြစ်ပါတယ်။ သွေးတွင်း ဗီတာမင်ဒီ ပမာဏကို စမ်းသပ် စစ်ဆေးဖို့တော့ လိုအပ်ပါတယ်။
ကယ်လ်စီယမ်
အဝလွန်သူ အမျိုးသမီးတွေကို နေ့စဉ် ၁၂၀၀ မီလီဂရမ်ရှိတဲ့ ကယ်လ်စီယမ်ပေးပြီး ၁၅ ပတ်ကြာ လေ့လာခဲ့ရာ ၁၃ ပေါင် ကျဆင်းတာကို တွေ့ရတယ်လို့ British Journal of Nutrition က ပြုလုပ်တဲ့ လေ့လာမှုတွေက ဖော်ပြခဲ့ပါ တယ်။ သုတေသီတွေက ကယ်လ်စီယမ်  မှီဝဲရင် အစာ စားတဲ့အခါ အလွန်အကျွံ ဗိုက်ပြည့်တင်းအောင် မစားမိဘဲ တင်းတိမ်မှုကို ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏက တစ်နေ့ကို ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကယ်လ်စီယမ်ကို တစ်ကြိမ် စုပ်ယူတဲ့အခါ ၅၀၀ မီလီဂရမ်ထက် ပိုပြီး မစုပ်ယူနိုင်တာကြောင့် တစ်နေ့ကို ၅၀၀ မီလီဂရမ် ကယ်လ်စီယမ် ဆေးပြားကို နှစ်ကြိမ် သောက်ပေးပါ။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
By Good Health Originally posted 31/03/2011 14:58PM
သင့်ကို ကိုယ်အလေးချိန် လျော့ကျစေမည့် အရည်ငါးမျိုး
ကိုယ်အလေးချိန် လျော့ကျစေဖို့ လျှို့ဝှက်ချက်ဟာ သင်စားတဲ့ ထမင်းပန်းကန်ကို သတိထား ဂရုစိုက်ပေးဖို့ လိုရုံသာမက သင်သောက်တဲ့ ဖန်ခွက်ကိုလည်း  အလေးထားသင့်ပါတယ်။ ရေပန်းစားတဲ့ ဆော်ဒါ အချိုရည်တွေ၊ သစ်သီး အချိုရည်တွေနဲ့ စွမ်းအားဖြည့် အရည်တွေဟာ သကြား တွေနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်တော့ ရန်သူပါပဲ။ ဒါကြောင့် ကိုယ်အလေးချိန် သွယ်လျ ကျန်းမာလိုရင် အဲဒီအရည်တွေ အစား အောက်ပါ အရည်ငါးမျိုးကို သောက်သင့်ပါတယ်။
၁) ရေ
ကိုယ်အလေးချိန် လျော့ကျရေးနဲ့ အသားအရေ ကျန်းမာလှပရေး အတွက် အကောင်းဆုံး အရည်ပါ။ ရေအေးပဲ ဖြစ်ဖြစ်၊ ရေနွေးပဲ ဖြစ်ဖြစ် သန့်ရှင်းနေရင် သောက်သင့်ပါတယ်။ ရေချည်း မသောက်ချင်ရင် လတ်ဆတ်တဲ့ သံပရာသီးစိတ် အနည်းငယ် ညှစ်ထည့်ပြီး သောက်ပါ။ သခွားသီးစိတ်၊ ခရမ်းချဉ်သီးစိတ် စတာတွေကိုလည်း ရေထဲ ထည့်ပြီး သောက်နိုင်ပါတယ်။
၂) ဟင်းသီးဟင်းရွက် ဖျော်ရည်
သင့်ခန္ဓာကိုယ် အလေးချိန် လျော့ကျကာ ကျန်းမာစေဖို့ အတွက် လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေဟာ ဟင်းသီးဟင်းရွက် ဖျော်ရည်မှာ ပါဝင်နေပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး အရသာဟာ သင့်လျှာတွေကို စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။
၃) မချိုသော လက်ဖက်ရည်ကြမ်း
လက်ဖက်စိမ်း လက်ဖက်ရည်ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သင်က အချိုအရသာကို ကြိုက်ရင် လက်ဖက်စိမ်း လက်ဖက်ရည်ထဲကို ပျားရည် အနည်းငယ် ထည့်ပါ။ လက်ဖက်ရည်ကြမ်းနဲ့ အူလွန်(Oolong tea) လက်ဖက်ရည်ကိုလည်း သောက်သင့်ပါတယ်။ ဒီလက်ဖက်ရည်ကြမ်းတွေထဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ထွက်ရှိသွားစေပါတယ်။
၎) ဘလက်ကော်ဖီ
နံနက်ခင်း အချိန်မှာ ဘလက်ကော်ဖီကို သောက်ပေးတာက ဆာလောင်မှုကို ဟန့်တားပေးနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ဘလက်ကော်ဖီဟာ ခန္ဓာကိုယ်ကို ပူစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင်သောက်တဲ့ ကော်ဖီထဲမှာ နို့ဆီနဲ့ သကြား မထည့်ပါနဲ့။
၅) အဆီထုတ်ထားသော နွားနို့
အဆီနည်း နွားနို့ဟာ  ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်တို့ရဲ့ အကောင်းဆုံး အရင်းအမြစ် ဖြစ်ပြီး ကြွက်သားတွေ အားကောင်းအောင် တည်ဆောက်ပေးကာ အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် မတက်အောင် အဆီနည်း နွားနို့ကို သကြားမရောဘဲ သောက်ပါ။ သင်က အချိုကြိုက်ရင် ချောကလက် အနည်းငယ် ထည့်ပြီး ချောကလက် နွားနို့ကို သောက်ပေးရင် လေ့ကျင့်ခန်း လုပ်ထားတဲ့ ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေပါတယ်။
ကြယ်စင် (Ref;RD)
By Good Health Originally posted 17/05/2011 16:44PM

ကိုယ်အလေးချိန် လျော့ကျစေမည့် ခုနစ်ချက်


သင့်အနေနဲ့ အရေး မပါလောက်ဘူးလို့ ထင်ပေမယ့် ကိုယ်အလေးချိန် လျော့ကျရေးမှာ အရေးပါနေတဲ့ နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
၁ ပီကေဝါးပါ

နေ့လယ်စာနဲ့ သရေစာ စားချိန်အကြား တစ်နာရီခြားတိုင်း ၁၅ မိနစ်လောက် ပီကေဝါးသူတွေဟာ ပီကေ မဝါးသူတွေထက် သရေစာတွေကနေ ကယ်လိုရီ ရယူမှု ၆၀ ကယ်လိုရီ ပိုလျော့နည်းကြောင်း လေ့လာသိရှိရပါတယ်။
၂ ဟင်းသီးဟင်းရွက် ဖျော်ရည်သောက်ပါ

သင်စားတဲ့ အစားအသောက်ကို ပုံစံ အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ ကျန်းမာနေမှာ ဖြစ်ပါတယ်။ နေ့တိုင်း ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ ဟင်းသီး ဟင်းရွက်ကို ဖျော်ရည် တစ်ဖန်ခွက် အဖြစ် သောက်သုံးပေးဖို့ပါ။ နှလုံးရောဂါနဲ့ ဆီးချို သွေးချိုရောဂါ အန္တရာယ် ရှိနေတဲ့ ကိုယ်အလေးချိန်များတဲ့ လူကြီး ၈၁ ဦးကို လေ့လာမှု တစ်ရပ်အရ တစ်နေ့မှာ ဆိုဒီယမ် ပါဝင်မှု လျော့နည်းတဲ့ ဟင်းသီးဟင်းရွက် ဖျော်ရည် တစ်ခွက်သောက်ပြီး ကိုယ်အလေးချိန် လျှော့ချသူတွေဟာ ဟင်းသီးဟင်းရွက် ဖျော်ရည် မသောက်ဘဲ ကိုယ်အလေးချိန် လျှော့ချသူတွေထက် ၁၂ ပတ် အကြာမှာ ကိုယ်အလေးချိန် လေးပေါင် လျော့ကျကြောင်း သိရပါတယ်။ ဖျော်ရည် မသောက်ဘဲ ကိုယ်အလေးချိန် လျှော့ချသူတွေကတော့ တစ်ပေါင်ပဲ လျော့ကျမှု ရှိပါတယ်။
၃ သကြားပါသော ဖျော်ရည်ရှောင်ပါ

သစ်သီးတွေကို သကြားထည့်ပြီး ဖျော်ရည် လုပ်သောက်တာက ကယ်လိုရီ ရရှိမှုကို တိုးမြင့်စေပါတယ်။ လတ်တလော လေ့လာမှု တစ်ရပ် အရ နေ့စဉ် သကြားပါတဲ့ အစားအသောက် တစ်မျိုးကို လျှော့ပြီး စားသောက်တာက ခြောက်လ အကြာမှာ ကိုယ်အလေးချိန် တစ်ပေါင် လျော့ကျမှုရှိကြောင်း သိရပါတယ်။
၎ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လေ့လာမှု အသစ် တစ်ရပ်အရ ကိုယ်အလေးချိန် များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ရင်း လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာက ကိုယ်အလေးချိန် သုံးပေါင်နဲ့ ဝမ်းဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း လေ့လာ သိရပါတယ်။
၅ ညတိုင်း အိပ်ရေးဝပါစေ

ဟိန်းဒရစ်ကောလိပ်ရဲ့ ကျောင်းသား ၃၂ ဦးကို လေ့လာမှု တစ်ရပ် အရ တစ်နေ့မှာ အိပ်ချိန် ခြောက်နာရီကို နှစ်နာရီ တိုးအိပ်တဲ့ ကျောင်းသားတွေဟာ ခြောက်နာရီ အိပ်သူတွေထက် သုံးပတ် အကြာမှာ ကယ်လိုရီ ၆၀၀ လျော့နည်းနေကြကြောင်း သိရပါတယ်။
မှိုစားပါ

ဂျွန်ဟော့ပ်ကင်းကျောင်းရဲ့ လေ့လာမှု တစ်ရပ်အရ မှိုဟင်းကို ငရုတ်သီးနဲ့ ရောချက်စားတာကြောင့် တစ်နေ့မှာ ကယ်လိုရီ ၄၀၀ လျော့ပြီး ရရှိကြောင်း သိရပါတယ်။ လေ့လာသူတွေက တစ်နေ့မှာ အစာ တစ်နပ် အတွက် အသားဟင်းအစား မှိုကို အစားထိုးစားမယ် ဆိုရင် တစ်နှစ်မှာ ကိုယ်အလေးချိန် ငါးပေါင် လျော့ကျမှုရှိကြောင်း သိရပါတယ်။
၇ သက်သတ်လွတ် တစ်ကြိမ်စားပါ

တစ်နေ့မှာ အစာတစ်နပ်၊ အထူးသဖြင့် ညစာကို တိရစ္ဆာန်ထွက် အစာတွေမပါဘဲ ဟင်းသီး ဟင်းရွက်တွေချည်း စားပေးတာက ကယ်လိုရီ ရယူမှု လျော့ကျကြောင်း သိရပါတယ်။
ကြယ်စင်
By Good Health Originally posted 07/04/2011 15:38PM

0 comments:

Post a Comment

Labels

 
Back to top!