Searching...
Friday, February 1, 2013

အအေးမိခြင်း (Common Colds) နှင့် ပတ်သက်သော အယူအဆများ


အအေးမိဝေဒနာ ခံစားရရင် ရောဂါမြန်မြန် ပျောက်ကင်းအောင် ကြက်စွပ်ပြုတ်ရည် သောက်ရမယ်၊ Zinc (သွပ်) အားဖြည့်ဆေး သောက်ရမယ်၊ ကြက်သွန်ဖြူ စားရမယ်  အစရှိတဲ့ အယူအဆတွေများစွာ ရှိပါတယ်။ အဲဒီ အယူအဆတွေနဲ့ ပတ်သက်ပြီး လေ့လာရာမှာ တချို့တွေဟာ မှန်နေသလို တချို့တွေက မှားနေတတ်တာကြောင့် အယူအဆ တစ်ခုချင်းအပေါ် ရှင်းလင်း ဖော်ပြပေးလိုက်ပါတယ်။
ကြက်စွပ်ပြုတ်ရည်က အကောင်းဆုံး ဆေးဝါးပဲ။
ဖြစ်နိုင်ပါတယ်။
သင့်အဘိုးအဘွားတွေ ပြောနေကျဖြစ်တဲ့ အအေးမိ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်ရည်သာ အကောင်းဆုံးဆေးဝါးဆိုတဲ့ စကားဟာ မှန်နိုင်ပါတယ်။ ဓာတ်ခွဲခန်းမှာ စမ်းသပ် လေ့လာမှုတွေအရ ကြက်စွပ်ပြုတ်ရည်ဟာ ရောင်ရမ်းမှု ဖြစ်စဉ်ကို ချိုးနှိမ်ပေးပါတယ်။ ရေဓာတ်ရရှိစေပြီး လည်ချောင်းယားတာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ကြက်မှာ များစွာပါဝင်တဲ့ Lysine ခေါ် အမိုင်နိုအက်စစ်တွေကြောင့် ဗိုင်းရပ်စ်တွေ ပွားများမှုကို ပိတ်ပင်နိုင်လို့ပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အအေးမိဝေဒနာ ခံစားရသူတွေ ရေများများ သောက်ပေးရင် ရောဂါပျောက်ကင်းနိုင်ပါတယ်။
မှားပါတယ်။
အအေးမိဝေဒနာ ခံစားရနေချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ရေများများသောက်တိုင်း အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုးကို သင့်ခန္ဓာကိုယ်မှ သန့်စင်သွားအောင် မပြုလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ရေ၊ ဖျော်ရည်၊ စွပ်ပြုတ်ရည်နဲ့ အရည်မျိုးစုံကို ပုံမှန် သောက်ပေးရင် ချွဲတွေ ပျော်ဝင်နိုင်ပြီး ရေဓာတ် လျော့နည်းမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။
ပျော်ပျော်နေတတ် သူတွေဟာ အအေးမိ တုပ်ကွေးရောဂါ ဖြစ်ခဲပါတယ်။
မှန်ပါတယ်။
အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ် သူတွေဟာ မကောင်းမြင်တတ် သူတွေထက် အအေးမိတုပ်ကွေး ဝေဒနာ ခံစားရတဲ့ အကြိမ်ပိုပြီး နည်းပါးလေ့ ရှိပါတယ်။ အလုပ်၊ အသင်းအဖွဲ့၊ ဘာသာရေး၊ လူမှုရေး၊ အားကစားအစရှိတဲ့ အဖွဲ့အစည်းတွေမှာ ဘက်စုံ ပါဝင်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေဟာ မိတ်ဆွေ အပေါင်းအသင်း နည်းသူတွေထက် အအေးမိ တုပ်ကွေးဖြစ်တဲ့ အကြိမ်ရေ ပိုနည်းပါတယ်။ ဒါ့အပြင် နာတာရှည် စိတ်ဖိစီးမှု မဖြစ်အောင်လည်း ရှောင်ရပါမယ်။ အလုပ်၊ ငွေရေးကြေးရေး၊ မိသားစုအရေး၊ အိမ်ထောင်ရေး အစရှိတာတွေ အတွက် ဖိစီးမှုများနေရင် အအေးမိဝေဒနာ ဖြစ်နိုင်ခြေများပါတယ်။
သွပ် (Zinc) ဟာ အအေးမိဝေဒနာ ပျောက်ကင်းစေပါတယ်။
မှန်ပါတယ်။
စမ်းသပ်မှုတွေအရ သွပ် (Zinc) ကို အသုံးပြုရင် အအေးမိဝေဒနာ ခံစားရချိန် ၂၄ နာရီခန့် လျော့ကျနိုင်(ဝေဒနာ ဖြစ်ဖြစ်ချင်း ၂၄ နာရီအတွင်း သောက်ရင်) ပြီး ဝေဒနာခံစားရတဲ့ ပြင်းထန်မှုကိုလည်း လျော့ကျစေပါတယ်။ ဆိုးကျိုးအနေနဲ့ ပျို့အန်တာနဲ့ အဝင်ဆိုးတာတော့ ရှိပါတယ်။ သွပ်ဓာတ်ဟာ အအေးမိဝေဒနာ ဆိုးရွားမှုကို လျှော့ချနိုင်ပြီး ရောဂါအနာကျက်အောင် ကူညီနိုင်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။
ဗီတာမင်ဒီဟာလည်း အအေးမိဝေဒနာကို ကုသနိုင်ပါတယ်။
ဖြစ်နိုင်ပါတယ်။
ဗီတာမင်ဒီဟာ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဝေဒနာ ဖြစ်နိုင်ခြေနဲ့ ဆိုးရွားမှုကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၂၀၀၀၀ ကျော်ကို ၂၀၀၉ ခုနှစ်က ပြုလုပ်တဲ့ သုတေသနအရ ခန္ဓာကိုယ်တွင်း ဗီတာမင်ဒီ ချို့တဲ့နေသူတွေဟာ အသက်ရှူလမ်းကြောင်းပိုး ဝင်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင်ဒီနဲ့ ပတ်သက်ပြီး လေ့လာမှုများစွာ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ မိမိကိုယ်မိမိ ဗီတာမင်ဒီ ချို့တဲ့နေတယ်လို့ ထင်ခဲ့ရင် နေ့စဉ် နံနက်ခင်းအချိန်တွေမှာ ၁၀ မိနစ်လောက် နေရောင်ခြည်နဲ့ ထိတွေ့ပါ။
ပဋိဇီဝဆေး သောက်ရင် အအေးမိဝေဒနာ ပျောက်ကင်း နိုင်ပါတယ်။
မှားပါတယ်။
ပဋိဇီဝဆေးဝါးတွေဟာ လည်ချောင်းနာတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေအတွက်သာ အသုံးဝင်ပါတယ်။ ပဋိဇီဝဆေးဟာ အအေးမိနဲ့ တုပ်ကွေးရောဂါလိုမျိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါတွေအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ ယူဆပါတယ်။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေ အသုံးပြုရင် ပဋိဇီဝဆေးကို ခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
ကြက်သွန်ဖြူစားရင် အအေးမိဝေဒနာ ပျောက်ကင်းနိုင်တယ်။
ဖြစ်နိုင်ပါတယ်။
ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရောဂါအမျိုးမျိုးကို ကာကွယ်ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ လေ့လာမှုတွေ အရလည်း ကြက်သွန်ဖြူဟာ ဗိုင်းရပ်စ်ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ကြက်သွန်ဖြူ စားပေးရင် အအေးမိဝေဒနာ ဖြစ်ခဲတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်း လုပ်တာကြောင့် အအေးမိဝေဒနာ ပျောက်ကင်းနိုင်ပါတယ်။
မှားပါတယ်။
သင်အအေးမိဝေဒနာ ခံစားနေရရင် လေ့ကျင့်ခန်းလုပ်တာကြောင့် ရောဂါရဲ့ ဆိုးရွားမှု ဒါမှမဟုတ် ရောဂါကြာချိန် လျော့မသွားနိုင်သလို ရောဂါပိုဆိုးတာ ဒါမှမဟုတ် အချိန်ပိုကြာတာလည်း မဖြစ်နိုင်ပါဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒေါက်တာ ခင်မိုးမိုး
By Internet Journal
https://www.facebook.com/notes/health-articles

0 comments:

Post a Comment

Labels

 
Back to top!